မဟာမြိုင်တောကြီးမှာ မဟာမြိုင်ကျောင်းတော်နှင့် အကျွတ်အလွတ် ကျောင်းတော်


မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

ကျွန်တော်တို့ဟာ မဟာမြိုင်တောကြီးမှာ နံနက်တိုင်းဆိုရင် စောစောထ တရားထိုင်ပြီး ထမင်းကြော်၊ ကော်ဖီစသည့် စားသောက်ပြီးတာနဲ့ တောထဲဝင်ကြပါတယ်။ ကျောင်းဆောက်ဖို့ သစ်ရွေးကြတာပါ။ ကျောင်းတိုင်တွေကို ကျွန်းသား မသုံးဘဲ အင်ကြင်းသား ၁ဝ လက်မပတ်လည်တွေ ချည်းသုံးမယ်လို့ ညွှန်ကြားထားပါ တယ်။

‘အင်ကြင်းဆိုတော့ ဆရာရယ် ဗုဒ္ဓဓာတ်အပြည့် ပေါ့။ ဘုရားအလောင်းဖွားမြင်တော်မူတာလည်း အင်ကြင်းတောမှာ။ ပရိနိဗ္ဗာန်ပြုတာလည်း အင်ကြင်းတောမှာ၊ ပြီးတော့ အင်ကြင်းဆိုတာ တနင်္ဂနွေနံနဲ့ တနင်္လာနံ နံသင့်ဂဏန်းအားဖြင့် အင် တနင်္ဂနွေက တစ်၊ ကြင်း တနင်္လာက နှစ်၊ တစ်နဲ့နှစ်..၊တစ်ကနေ နှစ်ကလ နေလဓာတ် ကမ္ဘာ့ တန်ဆာဓာတ်ကြီးပဲ’လို့ ကိုမြတ်သူက အဓိပ္ပာယ် ဖွင့်ဆိုရင်း တက်ကြွနေပါတယ်။

‘ကိုမြတ်သူ စကားတွေ အတော်တတ်နေပါ ရောလား’

တစ်ယောက်က ချီးကျူးလိုက်တော့

‘စကားထဲမှာ တရားပါ လားရာသုတများတဲ့’လို့ မြတ်သူက ကွန့်လိုက်ပြီး ‘အဲဒါ ဆရာတော်ကြီး စာအုပ်ထဲကကျက်ထားတာ’လို့ ဆိုလိုက်တော့ တစ်ဖက်လူလည်း ဘာဆက်ပြောရမှန်းမသိတော့ လောက်အောင် ငြိမ်ကျသွားပါ တယ်။

ဆရာတော်ကြီး၏တရားများကား ကျွန်တော်တို့မှာ နာကြားဖတ်မှတ်သင်ယူလို့ မဝနိုင်။ ဆရာ တော်ကြီးသည် သာစည်မြို့နယ် ရွှေကျောင်းကုန်းတောင်မှစ၍ ယခု မဟာမြိုင်တောကြီးအထိ နှစ်ပေါင်းများစွာ တောတောင်အသီးသီးတွင် အားထုတ်ခဲ့သမျှ တရားဓမ္မများမှ ဝေနေယျတို့နှင့် သင့်တော်ရာ ဒါန သီလ ဘာဝနာဆိုင်ရာ အကြောင်းအရာများကို စာအုပ်စာပေ ရေးသားချီးမြှင့်  သာသနာပြုတော်မူလျက် ရှိပါတယ်။ ဆရာတော်ကြီးသည် မြို့ရွာများသို့ လှည့်လည်၍ တရားဟော တရားပြခြင်း လုံးဝမရှိ၊ စာပေက တစ်ဆင့်သာ သာသနာပြုတော်မူလျက်ရှိပါတယ်။

ယခုလည်း ကျွန်တော်တို့ ကျောင်းဆောက်ဖို့ ပြင်နေချိန်မှာ ဆရာတော်ကြီးသည် ကျမ်းစာ အုပ်ကြီးတစ်အုပ် ရေးလျက် ရှိပါတယ်။ ခေါင်နန်း ပလ္လင်ကျောင်းပေါ်တွင် စင်္ကြံလျှောက် ရင်း ဥာဏ်ပွင့်လာသည်နှင့် စားပွဲပုလေးမှာထိုင်ကာ စာရေး လျက်ရှိပါတယ်။ ဆရာတော်ကြီးစိတ်က ကြည်လင် သလောက် စာရေးတာလည်း မြန်လှပါတယ်။ သူတော် ကောင်းကြီးများရဲ့ ဥာဏ်တော်တွင် နိဝရဏ ပိတ်ပင်တားဆီးတတ်သော တရားဆိုးများ မရှိတော့ပြီမို့ ဥာဏ်ပွင့်သလောက် စာကတောက်လျှောက် လိုက်ပါလာတာဟာ အရိပ်ပမာပါပဲ။

ဆရာတော်ကြီးဟာ စာကို လက်တန်းချရေးတာ များပါတယ်။ တောထဲတောင်ထဲမှာ ကိုးကားစရာ စာအုပ်ထူထူကြီး တွေလည်း ရှိမနေပါ။ ခန္ဓာကိုယ်တွေ့ ဥာဏ်ဓလေ့ကို ရေးတာမို့ ဆရာတော်ကြီးရဲ့ ကျမ်းစာများဟာ တစ်မူထူးခြားလို့ နေပါတော့တယ်။

‘ဆရာရေ..ကျွန်တော်တို့ ကွင်းဆင်းလေ့လာမှုကတော့ ပြီးသွားပြီဆိုရမယ်။ လုပ်အားနဲ့ ပန်းရံ လက်သမားပိုင်းပဲ လိုတော့တယ်။ သစ်ခွဲဖို့လည်း လွှစင်နဲ့ဝိုင်းဆရာလိုတယ်၊ လိုတာတွေတော့ အများကြီး ပဲ။ ကျွန်တော် မုံရွာသွားပြီး စီစဉ်မှဖြစ်တော့မယ်’

‘ကောင်းသားပဲ သွားလေ’

မုံရွာမှာက မြတ်သူရဲ့သူငယ်ချင်း ကိုအောင်ထွန်းထွန်း ရှိနေတယ်။ သူတို့က မန္တလေးဂျီတီအိုင်မှာ ကတည်းက သူငယ်ချင်းတွေ၊ လုပ်ငန်းခွင်ဝင်ကြတော့လည်း သူ့နယ်ပယ်နဲ့သူ နှစ်ယောက်လုံး အောင်မြင် ကြတယ်။ ကိုအောင်ထွန်းထွန်းက မုံရွာအခြေစိုက်ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်နေတယ်။ ဘိလပ်မြေ စတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေလည်း အရောင်းအဝယ်လုပ်တယ်။ ယခု မဟာမြိုင်မှာလိုတဲ့ ဆောက် လုပ်ရေးပစ္စည်းတွေ သူကပဲ ဒိုင်ခံပို့ပေးမှာဖြစ်ပါတယ်။ ပြီးတော့ ပန်းရံလက်သမားတွေရဖို့လည်း ကိုအောင်ထွန်းထွန်းကိုပဲ အကူအညီတောင်းထားတာ။ သူလည်း မဟာဗောဓိမြိုင် ဆရာတော်ကြီးကို အထူးကြည်ညိုတဲ့အလျောက် မဟာမြိုင်ကျောင်းဆောက်လုပ်ရေးမှာ အင်မတန်တက်ကြွ စိတ်ပါနေတယ်။

‘မုံရွာကို ဘာမှာဦးမလဲ ဆရာ’

‘မုံရွာရောက်ရင် လယ်တီတိုက်ကိုသွားပြီး လယ်တီဆရာတော်ကြီး ရုပ်တုတော်ရှေ့မှာ ဆုတောင်း အဓိဋ္ဌာန်ပြုပါ။ မဟာမြိုင်ကျောင်းဆောက်လုပ်ရေးအောင်မြင်ဖို့ သူတော်ကောင်းကြီးတွေရဲ့အား အကုန် လိုတယ်။ လယ်တီဆရာတော်ကြီးလည်း မဟာမြိုင်တောကြီးနဲ့ ဆက်နေတဲ့ ဝက်ရဲတောကြီးမှာ အားထုတ် ခဲ့ဖူးတယ်လို့ သိရတယ်’

‘ဟုတ်ပြီဆရာ၊ လယ်တီဆရာတော်ကြီးနဲ့ မဟာမြိုင်တောကြီးလည်း ဆက်စပ်နေတယ်ဆိုတော့ အားတက်စရာပဲ’

‘အခု မုံရွာမသွားခင် မဟာမြိုင်မှာ အချက်အချာကျတဲ့ ချက်မရေမှာ အဓိဋ္ဌာန်အောင်ဘုရားတွေ ရှိတယ်။ ငါတို့ အဲဒီမှာ ဆုတောင်းမေတ္တာပို့တွေ လုပ်ထားသင့်တယ်။ မဟာ မြိုင် ချက်မရေဘုရားများ အရေးပါပုံကို ဆရာတော်ကြီးလည်း ညွှန်းဆိုထားတယ် မဟုတ်လား’

‘ကျွန်တော်လည်း သွားချင်နေတာ’

ဒီလိုနဲ့ ကျွန်တော်တို့ ဆရာတပည့် ကားကြုံရှိတဲ့တစ်နေ့မှာ မဟာမြိုင်ချက်မရေက သစ္စာအဓိဋ္ဌာန် အောင်ဘုရားများဆီ ရောက်ခဲ့ပါတယ်။ မဟာမြိုင်မယ်တော်ကြီးနန်းကနေ ၇ မိုင်လောက်ချိုးကွေ့ပြီး အတွင်းသို့ ဝင်သွားရပါတယ်။

မဟာမြိုင် ချက်မရေဟာလည်း အင်မတန်သာယာတဲ့ နေရာလေးတစ်ခုပါပဲ။ နှစ်ထပ်ကျောင်းကြီးက ဟီးဟီးမားမား။ သံဃာတစ်ပါး သီတင်းသုံးနေပါတယ်။ ဟိုးအထက် မော်လိုက်ဘက်က ရှမ်းတိုင်းရင်း သားလို့ သိရပါတယ်။ ဘွဲ့တော် ဦးကောဏ္ဍညဖြစ်ပါတယ်။

‘အရှင်ဘုရား၊ ဒီမှာ သီတင်းသုံးရတာ အဆင်ပြေရဲ့လား ဘုရား’

မြတ်သူက ဗျူးလေပြီ။

‘ပြေပါတယ်’

‘အခြောက်အလှန့်တွေ အနှောင့်အယှက်တွေ အခက်အခဲတွေ မကြုံခဲ့ဘူးလားဘုရား’

‘ကြုံသင့်သလောက်တော့ ကြုံခဲ့ပါတယ်။ ဒါပေမဲ့ အဆင်ပြေပါတယ်’

ချက်မရေဘုန်းကြီးက အဆင်ပြေပါတယ်ချည်းပြောနေတော့ ကိုမြတ်သူလည်း ရုတ်တရက် ဘာဆက် လျှောက်ရမည် မသိ။ အံ့သြနေပုံရပါတယ်။

‘ငှက်ဖျားရော မဖြစ်ဘူးလားဘုရား’

‘တစ်ခါတစ်ရံ ဖြစ်တာပေါ့၊ အဆိုးကြီးမဟုတ်ပါဘူး’

‘မဟာမြိုင်မယ်တော်ကြီးရယ်၊ တောစိုးနတ်တွေရယ်နဲ့ ရော အဆင်ပြေရဲ့လားဘုရား’

‘ပြေပါတယ်။ ဒီလိုပဲ နေရတာပေါ့။ ဒါနဲ့ ဆရာတော်ကြီး ရော နေကောင်းရဲ့လား။ လိုအပ်တာပြောပါ။ တစ်နေ့က ခေါင်နန်းပလ္လင်ကျောင်းကို သွားဖူးပါတယ်။ ဆရာတော် တရားအားထုတ်နေတာနဲ့ ဖူးခွင့် မရခဲ့ဘူး။ နောင်အဆင်ပြေ ရင် ဖူးချင်ပါတယ်’

‘ဖူးခွင့်ရမှာပါဘုရား။ တပည့်တော်တို့ လျှောက်ထားပေး ပါမယ်’

ချက်မရေ ဘုန်းကြီးကျောင်းမှာ အတော်အသင့်ပြည့်စုံပြီး နေချင့်စဖွယ် တင့်တောင်းတင့်တယ် ရှိပါ တယ်။ ရှမ်း ဘုန်းကြီးက တောင်ပေါ်တက် ဘုရားဖူးဖို့ စီစဉ်ပေးပါတယ်။

‘ဒီမှာ ရပ်ဝေးကလာပြီး အဓိဋ္ဌာန်ဝင်တဲ့သူတွေရှိပါ တယ်။ ရန်ကုန်ကလည်း လာကြပါတယ်။ ဝိဇ္ဇာလိုင်းက သမထပုဂ္ဂိုလ်တွေ လာရောက်အဓိဋ္ဌာန်ဝင်ကြပါတယ်။

သက်ကယ်ကျင်း အောင်ချမ်းသာ စတဲ့ရွာတွေက ဒေသခံတွေပြောပြလို့ အဓိဋ္ဌာန်ဝင်သူတွေ လာရောက်လေ့ရှိကြောင်း သိခဲ့ပြီးဖြစ်ပါတယ်။ သို့သော် အချို့လူတွေက မဟာမြိုင်မှာ သိုက်တူးဖို့လာ ကြတာဖြစ်ကြောင်း၊ ဘယ်သူမှတော့ မအောင်မြင်ခဲ့ကြောင်း၊ နောက်ဆုံး အလောင်းထမ်းထုတ်ရတဲ့အထိ အသက်ဘေးကြုံခဲ့ရကြောင်း၊ မရိုးသားတဲ့ ရည်ရွယ်ချက်တွေနဲ့လာရင် မဟာမြိုင်တောကြီးမှာ အန္တရာယ် ကြီးမားလှကြောင်း ဒေသခံတွေက အဖြစ်အပျက်သာဓကတွေနဲ့ ပြောပြကြပါတယ်။

‘ဒီမှာ တစ်ခုခုဖြစ်တော့မယ်ဆိုရင် တောင်ဟီသံ ကြားရတယ်။ တောင်ဟီသံ သုံးခါကြားရရင် ဒီမှာ လူသေနေတာ သေချာပြီ။ ဟို ဆရာတို့ရန်ကုန်က နာမည်ကျော်စာရေးဆရာ ဗေဒင်ဆရာကြီးရဲ့ အဆက် အနွယ်တွေလည်း ရောက်လာဖူးတယ်။ နှစ်ယောက်လာတယ်။ ပြောတာကတော့ အဓိဋ္ဌာန်ဝင်မယ်၊ ပုတီးစိပ်မယ်ဆိုပြီး လုပ်တာက သိုက်တူးဖို့ လုပ်တာကိုး။ အဲဒီမှာ အကြီးလူ ဆရာလုပ်တဲ့လူ ဝမ်းတွေ လျှောပြီး ဖျော့ဖျော့လေး အသက်ငွေ့ငွေ့လေးပဲ ကျန်တယ်။ တောင်ဟီသံကြားလို့ လာကြည့်တော့ သေတော့မယ်။ ရွာကို ခေါ်လာရတယ်။ ဒါပေမဲ့ ရွာမှာပဲ သေသွားတယ်..’

ဒါက ဇာတ်လမ်းတစ်ပုဒ်။ နောက်ဇာတ်လမ်းတစ်ပုဒ် က..

‘ယောဂီအမျိုးသားနဲ့ အမျိုးသမီး အဓိဋ္ဌာန်ဝင်ကြတာ ရက်နည်းနည်းကြာတော့ ငှက်ဖျားမိတယ်။ တစ်ယောက်နဲ့ တစ်ယောက်ပြုစုရင်း ဖိုမဇာတ်လမ်းဖြစ်သွားပုံရတယ်။ ယောက်ျားက ဖျားလို့သေပြီ။ မိန်းမက ကိုယ့်ဟာကိုယ်လုပ်ကြံပြီး သေသွားတယ် မလွယ်ဘူး။ ဒီမှာ ဖိုမကိစ္စ လွန်ကျူးမှုကို ဒီတောက လုံးဝသည်းမခံဘူး’တဲ့။

မှန်ပါတယ်။ ကြားရသမျှ ဖြစ်နိုင်ခြေရှိတဲ့ဇာတ်လမ်းတွေ ချည်းပါ။

‘မဟာမြိုင်က တောစောင့်နတ် တောင်စောင့်နတ်တွေဟာ အင်မတန်စည်းကမ်းကြီးပြီး သန့်သန့် ပြန့်ပြန့်ကြိုက်ပုံရတယ်။ ကျွန်တော်တို့နဲ့တော့ ဖြစ်ပါတယ်’လို့ မြတ်သူက ကောက်ချက်ချသုံးသပ်လိုက် တယ်။

မဟာမြိုင် ချက်မရတောင်ပေါ်မှာ ဘုရားသုံးဆူ ဖူးရတာ လည်း ကြည်နူးပါတယ်။ ဒီဘုရားတွေ ပြီးမြောက်အောင်မြင်အောင် တည်ထားခဲ့တဲ့ ရှေ့ကဆရာတော်တွေ၊ လူပုဂ္ဂိုလ်တွေကို အထူးပဲ ကျေးဇူး တင် ဂါရဝပြု ကြည်ညိုနေမိပါတယ်။ ဘုရားနဲ့ကျောင်းနဲ့ ဇရပ်နဲ့ ဒီလိုနေရာမျိုးမှာ သပ္ပာယ်စွာ တည်ရှိ နေတာ အလွန်သာဓုခေါ်အပ်ပါတယ်။

‘ဆရာရေ ဝေပုံရွာသားတွေ ပြောလိုက်တဲ့ သံခမောက် ဆောင်းလေးယောက် ဝိဇ္ဇာကြီးလေးပါးက ဘိုးဘိုးအောင်နဲ့ စကြာမင်းသားလေးကို စောင့်ကြပ်နေပုံဟာ စိတ်ကူးကောင်း သလောက် လက်ရာ မြောက်လှပါပေတယ်’

ဟုတ်ပါတယ်။ အင်မတန် ထူးခြားပေါ်လွင်နေတဲ့ ရုပ်တုကြီးတွေပါပဲ။ ဒီရုပ်တုကြီးတွေကို ရုပ်ရုင်မင်းသား ကျော်စွာဝင်းရဲ့အဖေ ဆရာဦးချစ်သိန်းက စီမံခဲ့တာလို့ သိရပါတယ်။ မင်းသား ကျော်စွာဝင်းရဲ့အဖေ ဆရာဦးချစ်သိန်းက စီမံခဲ့တာလို့ သိရပါတယ်။ မင်းသားကျော်စွာဝင်းဆိုရင် မင်းသားကြီး ဦးဝင်းဦးရဲ့ သားတပည့်လောက်ပဲ သိကြတာ။ ဒီလို ဝိဇ္ဇာတွေနဲ့ ဆက်စပ်နေပုံသိရတော့ တစ်မျိုးတော့ အဲ့သြစရာ ကောင်းနေတာပ။ ‘ကုန်းဘောင်ခေတ်’မှာ စကြာမင်းသားလေးကို ရေချတော့ (ရေမှာဖျောက်တော့) ရုတ်တရက် မိုးမှောင်ကြီးကျလာ၊ မိုးခြိမ်းသံကြီးတွေ ကောင်းကင် မြေပြင် ရေပြင် ကွဲမတတ် ပေါ်ထွက်လာ၊ မင်းချင်းတွေ ကြောက်လန့်နေ၊ တစ်ယောက်နဲ့တစ်ယောက် မမြင်ကြရတော့ အဲဒီအချိန်မှာ ဘိုးဘိုးအောင်က စကြာမင်းသားလေးကို လာကယ်သွားတယ်။ စစ်ကိုင်းတောင်ရိုး မင်းကွန်း မြသိန်းတန်ဘုရားမှာ တပ်ထောက်နားပြီး ဘုရား တရား သံဃာဆိုင်ရာ ကျင့်စဉ်တွေကို ဘိုးဘိုးအောင်က စကြာမင်းသားလေးကို သင်ကြား ပေးတော့တယ်တဲ့..။

‘အဲဒီနောက်ကောဆရာ’

‘ပြောရင်တော့ ကျယ်ပြန့်လှပါတယ်။ ဆရာဦးညိုမြရေးတဲ့ ကုန်းဘောင်ရှာပုံတော်စာအုပ်ကြီးမှာလဲ စကြာမင်းသားနဲ့ ဘိုးဘိုးအောင်အကြောင်း အထိုက်အလျောက် ထည့်သွင်းရေးသားထားတယ်။ ဘိုးဘိုးအောင်နဲ့ စကြာမင်းသားလေး ဇာတ်လမ်းကတော့ မြန်မာ့အသည်းစွဲဇာတ်လမ်းတစ်ပုဒ်ပဲ။ ငါတို့ ငယ်ငယ်က စကြာရေချဇာတ်ဆိုပြီး ပြဇာတ်ကတာ ကြားလိုက်မိတယ်။ ဗိုလ်အောင်ဒင်မင်းသား ခင်မောင်ရင်ကလည်း စကြာမင်းသီချင်းဆိုခဲ့ပြီး အင်္ဂလိပ်ခေတ်မှာ ဇာတိမာန်နှိုးဆော်ခဲ့ဖူးတယ်။ ကုန်းဘောင်ခေတ်ဆိုတာ ဘာမှ မကြာသေးတော့ စကြာမင်းဇာတ်လမ်းဟာ တကယ်ဖြစ်ပျက်ခဲ့တာ သမိုင်းအထောက်အထားတွေ ရှိနေတယ်လေ။ ကဲ- ထားပါ။ ပြောချင်တာက ဘိုးဘိုးအောင်ဟာ စကြာမင်းသား လေးကို ကယ်ခဲ့ပြီး သာသနာ့အောင်မြေတွေ တစ်နေရာပြီး တစ်နေရာခေါ်သွားပြီး လေ့ကျင့်ပေးတယ်။ အဓိဋ္ဌာန်တွေ တစ်ခုပြီးတစ်ခု ဝင်ခိုင်းတယ်။ တန်ခိုးကြီးဘုရားတွေ၊ တော တောင်တွေ အောင်မြေနေရာမှန်သမျှမှာ အဓိဋ္ဌာန်ဝင်ရတယ်။ ပြောချင်တာက အဲဒီအောင်မြေတွေထဲမှာ အခု ငါတို့ ရောက်နေတဲ့ မဟာမြိုင်ချက်မရေနေရာလည်း အပါအဝင် ဖြစ်တယ်’

‘ဘိုးဘိုးအောင်နဲ့ စကြာမင်းသားလေးတို့ ဒီနေရာမှာ တရားအားထုတ်ခဲ့တာပေါ့’

‘ဟုတ်တယ်၊ ဒါဟာ ဓမ္မအောင်မြေပဲ။ ဒီကအောင်ဓာတ်ယူပြီး မဟာမြိုင်ကျောင်းကြီး အောင်မြင်အောင် ဆောက် ရမှာ’

မြတ်သူ အားတက်သွားပါတယ်။ ငြိမ်သက်စွာ ပရိကမ်ပြုပြီး တည်ကြည်စွာ တရားထိုင်လျက် လေးနက်စွာ အဓိဋ္ဌာန် ပြုလိုက်ကြပါတယ်။

သို့သော် ကျွန်တော်တို့ လက်တွေ့လုပ်ဆောင်ရမှာ အခက်အခဲတွေဟာ လေတိုက်တိုင်း ကြီးထွားလာတဲ့ ဘူးစင်ပေါ်က ဗူးသီးကြီးလိုပါပဲ။ ဒါပေမဲ့ အခက်အခဲတွေအပေါ် ကျွန်တော်တို့ လုံးဝ စိတ်မပျက်မိပါ။ အခက်အခဲတွေကို လက်ဝှေ့စကားနဲ့ပြောရရင် လေ့ကျင့်ဘက်လိုပဲ သဘောထား လိုက်ပါတယ်။ ဒီအချိန်မှာ ကျောင်းဆောက်လုပ်ငန်းကို ပါဝင် ကူညီပံ့ပိုးပေးမယ့် ဆရာကြီးတွေလည်း မဟာမြိုင်သို့ ရောက်လာကြပါတယ်။ ကျွန်တော်တို့ ကြုံနေရတဲ့ အခက်အခဲတွေကို ကူညီဖြေရှင်း ပေးခြင်းမရှိဘဲ အပြစ်တင်ဝေဖန်ခြင်း ပြုခဲ့တာကို ကျွန်တော်တို့ စပ်ဖျဉ်းဖျဉ်း ခံခဲ့ရပါတယ်။

တကယ်တော့ ဒီလိုဖြစ်ပျက်ကြုံဆုံနေရတာတွေဟာ သဘာဝအတိုင်းမဟုတ်ပါ။ ဒီဆရာတွေဟာ ယခင်က အတူတွဲလုပ်လာခဲ့သမျှ ဘာပြဿနာမှ မရှာ။ စိတ်ရင်း စေတနာကောင်းတဲ့သူတွေဆိုတာ ကျွန်တော်တို့သိပြီးဖြစ်ပါ တယ်။ မဟာမြိုင်ရောက်မှ မမြင်အပ်တဲ့ နတ်ဆိုးများက ခလောက်ဆန်လို့ ဒီလို အခန့်မသင့်တာတွေ ဖြစ်ရလေခြင်းပါ။ အဲဒီမှာ ကျွန်တော်တို့လည်း စိတ်မော လူမော ဖြစ်နေချိန် သက်သောင့်သက်သာမရှိချိန်မျိုးမှာ ဟန်လုပ်ပြီး သည်းခံမနေတော့ဘဲ စကားများရတာတွေလည်း ရှိခဲ့ပါတယ်။ အဲဒီလို ကျွန်တော်တို့ဘက်က စိတ်တိုပြီး ပြောဆိုလာရင်လည်း ဆရာကြီးတွေက သည်းခံပေးလေ့ရှိတာ ကျေးဇူးတင်စရာ ကောင်းလှပါတယ်။ (မြစ်ကြီးနားရောက်နေတဲ့ ဗိုလ်မှူးကြည်စိုး ဝင်းကလည်း ဆေးဝါး၊ စားစရာရိက္ခာ စသည်တို့ကို အင်တိုက်အားတိုက် ပေးပို့လှူဒါန်းခဲ့တဲ့အတွက် အများကြီး အဆင်ပြေခဲ့ရပါတယ်။)

လူများတော့ နားချိန်မှာ စကားများကြ၊ စကားပြောကြနဲ့ စကားသံတွေက အတိုင်းသား လွင့်ပျံနေပြီး ဆရာတော်ကြီး တရားအားထုတ်၊ စားရေးနေတာကို အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်ရပါတယ်။ သူတို့ခမျာ နံနက်လေးနာရီလောက်ထလာ ရတာ။ ဒီမှာလည်း တောင်တက်တောင်ဆင်း သဲသယ်ရတာနဲ့ ဆာလောင်မွတ်သိပ်နေလိုက်တာ စားချိန်ဆို အားရပါးရပါပဲ။ ကပ္ပိယကြီးက ရှိတာလေး ထုတ်ကျွေး ချကျွေးသည့်တိုင် အောင်လည်း ပြည့်စုံလှသည်တော့မဟုတ်ပါ။

တစ်ညဦး (၁၂.၂.ဝ၄ ပြည်ထောင်စုနေ့)တရားထိုင်နေတုန်း ဝုန်းဒိုင်းကြဲ ဆူညံနေတဲ့အသံတွေ ကျောင်းက လေးဆီ ပြန့်လွင့်လာပါတယ်။

‘ကျွန်တော်တို့ ခုထိ ထမင်းမစားရသေးဘူး။ မုံရွာက နေ့လယ်ကတည်းက ထွက်လာတာ။ လမ်းမှာလည်း ဘာမှ မစားခဲ့ရဘူး။ အခု လူ ၄ဝ စာ ထမင်းချက်ပါ။ လောလော ဆယ် စားလို့ရတာ သောက်လို့ရတာတွေ အကုန်ပေးလိုက် ပါ’

ကျွန်တော် မနေသာတော့ပြီး။ ကျောင်းပေါ်ကဆင်းလာတော့ ကပ္ပိယသာဝကကြီးလည်း ဘာမှမပြောနိုင် တော့။ မှင်တက်လို့ နေပါတော့တယ်။

‘ကိုမြတ်သူရော’

ထမင်းလာတောင်းနေသူက ဗလကောင်းကောင်း ဆောင်းညမှ ချွေးသံတရွှဲရွှဲနဲ့။ သူတစ်ယောက်တည်း မဟုတ် ဘူး။ အားလုံး သုံးလေးယောက်။ အားလုံးဟာ ရန်လိုစိတ်တို နေတဲ့ဟန်နဲ့။

‘ဟာ..အဲဒီလူအကြောင်းတော့ မမေးပါနဲ့။ တစ်လမ်းလုံး ထမင်းမကျွေးဘူး၊ မဟာမြိုင်ကို ခုပဲရောက်မှာ။ မဟာမြိုင် ရောက်တော့ ကျွေးမယ်ဆိုပြီး ခု ကားနစ်နေပြီ။ ရုန်းလို့မရဘူး။ လူတွေလည်း ဒေါသထွက်နေပြီ။ ဆာတဲ့လူတွေက ကား ပေါ်ပါလာတဲ့ မုန်လာထုပ်အစိမ်းတွေ ကိုက်စားနေရပြီ’

ကျွန်တော် အခြေအနေကို ရိပ်စားမိလိုက်ပေပြီ။ ကိုမြတ်သူက ထမင်းမကျွေးဘူးဆိုတာ မသထာလို့မဟုတ်။ စေတနာမရှိလို့မဟုတ်။ ဒီလူအုပ်ကြီးကိုကျွေးဖို့ သူ့မှာ ပိုက်ဆံ ပါကောင်းမှပါမည်။

‘ကဲ ခင်ဗျားတို့ ဒီမှာရှိတာစား။ ပြီးရင် ကားနစ်နေတဲ့နေရာသွားကြမယ်။ အားလုံးအဆင်ပြေအောင် လုပ်ပေးပါ မယ်’

သို့သော် ထိုသူသည် ဒေါသချက်ချင်းမပြေ။ အမှောင်ထဲမှာပင် သူ့မျက်လုံးတွေက အရောင်ထွက်နေ ပါသေးတော့။

‘ကဲ- သွားစို့ ခင်ဗျားနဲ့ ကျွန်တော် ကားနစ်နေတဲ့နေရာသွားမယ်။ ကျန်တဲ့လူတွေ ဒီမှာနေခဲ့။ ချက်ပြုတ်နေရစ်ကြ’

ဒီလိုနဲ့ ကျွန်တော်တို့ မှောင်ကြီးမည်းမည်းထဲ ဓာတ်မီးတဝင်းဝင်းနဲ့ ကားပျက်တဲ့နေရာဆီ အမောတကော အရောက်ချီခဲ့ရတယ်။ ကျွန်တော်တို့ ဆန်နီပစ်ကပ်ကားလေး ပျက်တဲ့နေရာမှာ သုံးတန်ကားကြီး မလှုပ်မယှက် နစ်နေပြီး လူတွေလည်း တရုန်းရုန်းနဲ့ ဆူညံပေါက်ကွဲနေပါတော့တယ်။

‘မြတ်သူရေ မြတ်သူ’

မြတ်သူအတွက် စိုးရိမ်တကြီးနဲ့ ကျွန်တော် အော်ဟစ်ပြီး အသံပြုလိုက်တယ်။

‘ဆရာ လာပြီလား..ဒီမှာ ရှင်းပြပါဦးဆရာရယ်..’

လူအုပ်ကြီးက ကျွန်တော့်ဆီ ဝိုင်းလာတယ်။ အားလုံး လူကြမ်းစိတ်ကြမ်းပုံစံတွေ၊ အခက်အခဲ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမယ်ဆိုတာ စိတ်မကူးဘဲ ပေါက်ကွဲနေကြ တယ်။

‘ကဲ စိတ်အေးအေးထားပါ။ ကားမရုန်းနိုင်သေးရင်လည်း မနက်မှ ကြည့်လုပ်ကြမယ်။ အခု လူတွေ ကျောင်းကို သွားကြ မယ်။ နီးနီးလေးရယ် ရောက်တော့မှာ။ ဟိုမှာ ချက်ပြုတ်နေပါ ပြီ။ အားလုံး အဆင်ပြေသွားမှာပါ။ ဒီလိုနေရာမျိုး မဟာမြိုင် တောကြီးဆိုတာ ရောက်ဖို့မလွယ်တဲ့နေရာ၊ ခင်ဗျားတို့ ကုသိုလ်ကြီးလို့ရောက်တာ၊ သည်းခံပါ။ ဒါ သူတော်ကောင်း နယ်မြေပါ။ ဆရာတော်ကြီးကို ဖူးရဖို့ မလွယ်ဘူး’

ကျွန်တော်က နှစ်သိမ်စည်းရုံး ပြောဆိုသည့်တိုင် သူတို့ ဒေါသတွေ ပြေလျော့သွားခြင်း မရှိသေးပါ။

‘ခင်ဗျားတို့ရဲ့ အဖွဲ့ခေါင်းဆောင် ဘယ်သူလဲ၊ အဖွဲ့ ခေါင်းဆောင်နဲ့ စကားပြောမယ်’

‘ကျွန်တော်ပဲ’

ဗလကောင်းကောင်း အရပ်မြင့်မြင့်လူတစ်ယောက် ရှေ့ထွက်လာပါတယ်။ ကျွန်တော် သူ့ကိုလက်ဆွဲ၊ မှောင်ရိပ်ထဲ ခေါ်သွားပြီးတော့-

‘ကဲ- ကျွန်တော် တောင်းပန်ပါတယ်။ မြတ်သူမှာလည်း သူ့အခက်အခဲနဲ့သူမို့ပါ။ အခု နာရီပိုင်းအတွင်း အဆင်ပြေ သွားတော့မှာပါ။ ခင်ဗျားလူတွေကို ထိန်းပေးပါ။ အားလုံး အဆင်ပြေအောင် စီစဉ်ပေးပါမယ်’

ကျွန်တော်တောင်းပန်တော့ သူက တွေတွေဝေဝေနဲ့

‘ကျွန်တော်ကတော့ မနက်စာ စားခဲ့ရပါတယ်။ တချို့က မနက်စာကို မစားခဲ့ရသေးဘူး။ ညနေစာလည်း မစားရနဲ့ ဆိုတော့ ဒေါသတွေပေါက်ကွဲကုန်ပြီ။ ဆရာ့တပည့်ကလည်း သိပ်အချိုးပြေတာမဟုတ်ဘူး’

‘ဟုတ်ပါတယ်။ ကျွန်တော်သိပါတယ်။ ကဲ ခင်ဗျားလူတွေ ထိန်းပါ။ ဒီက အသံတွေ ကျောင်းကကြားရ လောက်အောင် ဆူညံနေတာ မကောင်းဘူး။ ဆရာတော်ကြီး တရားအားထုတ်နေတယ်။ အနှောင့်အယှက် မဖြစ်စေချင်ဘူး။ ဒီလိုနေရာမျိုးမှာ ကုသိုလ်ယူကြစမ်းပါ’

ကျွန်တော်က ဆက်လက်ဖျောင်းဖျတောင်းပန်နေစဉ်မှာပဲ

‘ကျုပ်တို့က ကုသိုလ်တွေဘာတွေ နားမလည်ဘူး ပိုက်ဆံလိုချင်လို့ ဒီမှာ အလုပ်ရမယ်ဆိုလို့ လိုက်လာတာ’

ဘယ်အချိန်က ရောက်လာမှန်းမသိတဲ့ တစ်ယောက်က ဝင်ပြောတယ်။

‘ဟုတ်ပါပြီ။ အလုပ်လည်းရ ပိုက်ဆံလည်းရပါစေ့မယ်။ ကဲ သွားစို့၊ ကျွန်တော်အားလုံးကို တောင်းပန် ပါတယ်။ ကျောင်းမှာ ထမင်းကျက်နေလောက်ပြီ သွားစို့’

အားလုံးက မြတ်သူကိုပဲ ကျိန်ဆဲနေကြပါတယ်။

ကျောင်းမှာလည်း ဆီဆန် ဟင်းချက်စရာ ပြည့်စုံမယ် မထင်ပါဘူး။ ပန်းကန်အိုးခွက်ကအစ လောက် လောက်ငင ရှိမယ်မထင်ပါဘူး။

‘ကဲ ဆီဆန်ပဲတွေလည်း တစ်နိုင်တော့ သယ်ခဲ့ကြစို့’

‘ကျုပ်တို့က ကျောင်းအထိ မလိုက်တော့ဘူး။ ဒီက လှည့်ပြန်မှာ’

တချို့က ဗွေဖောက်ပြီး ထအောက်ကြပြန်တယ်။ ကျွန်တော် စိတ်မရှည်နိုင်တော့ဘဲ

‘ပြန်လေ- ခင်ဗျားတို့ ခြေကျင်ပြန်လို့ရတယ်များ ထင်လို့လား။ လာခဲ့တဲ့ခရီးကိုလည်းကြည့်ဦး။ ဒီမှာရောက် နေပြီပဲဟာ။ မနက်ကားကောင်းတော့ ခင်ဗျားတို့သဘောပဲ’လို့ အော်လိုက်ပြီး နောက်ခန်းထဲက ပစ္စည်းတွေကို ဓာတ်မီးနဲ့ ထိုးကြည့်လိုက်ပါတယ်။

ထုံးအိတ်၊ ဘိလပ်မြေအိတ်၊ သွပ်ပြား စတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေရော ဆန်အိတ်သုံးလေးအိတ်ရော စုံစီနဖာ တွေ့လိုက်ရပါတယ်။

မြတ်သူအသံလည်း မကြားရတော့။ စိတ်ပန်းလူပန်းနဲ့ပဲ တောလမ်းအတိုင်း ဖောက်ထွက်ကာ ကျောင်းကလေးဆီ ရောက်နေလောက်ပေပြီ။

အဲဒီညက လုံးဝမအိမ်လိုက်ရတော့။ မီးဖိုပတ်လည်ဘေး ဝိုင်းအုံနေတဲ့ လူအုပ်ကြီးဟာလည်း ဆူညံလို့။ သူတို့မျက်လုံး တွေက မီးဖိုပေါ်က ထမင်းအိုး ဟင်းအိုးတွေကို စိုက်ကြည့်လို့။ တချို့ စွေခေါက်ပြီး အိပ်တဲ့သူ အိပ်လို့..

သြော်..ဒါ အစပဲရှိပါသေးကလား။

ကိုမြတ်သူကား စိတ်ဓာတ်မကျ၊ ဇွဲမလျှော့၊ မဟာမြိုင်ကျောင်းနှင့် အကျွတ်အလွတ်ကျောင်းတော်ကြီးကို အပြီး ဆောက်မည်၊ ဘယ်လောက်ကြာကြာ ကျောင်းပြီးမှ အိမ်ပြန်မည်ဟု ဆုံးဖြတ်ထားပါတယ်။ သို့သော် မိုးမကျမီ ဝါဆိုချိန်အမီ ကျောင်းပြီးဖို့ ရည်မှန်းချက်ထား လုပ်ဆောင်ရမှာဖြစ်ပါတယ်။ မိုးများသော မဟာမြိုင်မှာ မိုးရာသီဆို လမ်းတွေပျက်၊ ဘယ်လိုကားမျိုးမှ ဝင်လို့ထွက်လို့မရတော့။ အင်မတန် အကြမ်းခံပြီး ရုန်းအားကောင်းတဲ့ သစ်ထုတ်ရေးကားဘကီး များပင် အနားယူကြတဲ့အချိန်ကာလဖြစ်ပါတယ်။

မောင်သွေးချွန်(ပန်းအလင်္ကာမဂ္ဂဇင်းအယ်ဒီတာချုပ်၊ နဘယံမဂ္ဂဇင်းအယ်ဒီတာချုပ်)

အလုပ်တွေက..

သစ်ခုတ်ရမည်။ သစ်ထုတ်ရမည်။ ကျွဲဆင်လိုသည်။ သစ်ခွဲရမည်။ လွှစင်လိုသည်။ ကျွမ်းကျင်ဝိုင်းဆရာလိုသည်။ခွဲပြီးသစ်တွေ တောင်ပေးပို့ဆောင်ရမည်။ လူအား ယာဉ်အား လိုသည်။ ဘိလပ်မြေ သွပ် သံ စသော ဆောက်လုပ်ရေး ပစ္စည်းတွေ လိုသည်။ ပန်းရံလက်သမား လုပ်အားလိုသည်။ စားသောက်နေထိုင်ရေး ကျန်းမာရေးလိုသည်။ လိုသည်တွေ က အများကြီး လိုသည်တွေကို ဖြည့်ဆည်းဖို့ အလှူငွေလည်း အရေးတကြီးလိုနေခဲ့ပေပြီ။

ဒီအတောအတွင်းမှာ သစ်ခုတ်ဖို့ စက်လွှ(ချိန်းဆော) သမား မောင်နှင်းကိုကိုရတယ်။ လမ်းတွေ ကားအဝင်အထွက် ကောင်းဖို့ မြန်မာ့သစ်လုပ်ငန်းက ကူညီတယ်။ လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရ ဖျားနာသူတွေရှိတယ်။ လုပ်အားခ ပေးထား သည့်တိုင်အောင် အလုပ်ပင်ပန်းဒဏ် မခံနိုင်လို့ ပြန်ပြေးတဲ့ သူတွေရှိတယ်။ နတ်တလူရဲ့ ဂေါစဂါမ်ဖြစ်တဲ့ ဘူးကုန်းရွာက လုပ်အားရှင်များ အင်နဲ့အားနဲ့ လာရောက်ကူညီသွားတာ လည်း အားတက်စရာပါ။

တောင်ပေါ်ကို အုတ်တစ်ခဲ သစ်တစ်အိတ်ရောင် အောင် မနည်းတင်ပို့ရတာပါ။ ကားကြီးတွေ လမ်းမတ်စောက် လို့ နောက်လန်ရပ်တန့်သွားတာ  ကိုယ်တွေ့ပါပဲ။ နောက်ပိုင်း မှာ ကားသုံးလို့မရတော့ ဆိုင်ကယ်နဲ့ပဲ ပစ္စည်းတွေကို ခက်ခက် ခဲခဲ အခေါက်ပေါင်းများစွာ တင်ရပါတယ်။

‘ဟဲ့ ခွေးမသား၊ နင့်ကျောင်းက ပြီးပါ့မလား’

‘ပြီးအောင်လုပ်မှာပါဘုရား၊ တပည့်တော် အဓိဋ္ဌာန်နဲ့ လုပ်နေတာပါ’

‘အေးပါ၊ ငါတို့တည်တဲ့ ဓမ္မစေတီကတော့ ထီးတော်တင် လိုက်ပြီကွဲ့။ တပေါင်းလပြည့်နေ့မှာ ပြီးစီးအောင်မြင်တယ်’

ဆရာတော်ကြီး အမိန့်ရှိတဲ့ ‘ဓမ္မစေတီ’မှာ ‘နိဒါန်းသတိ ပဋ္ဌာန်’ကျမ်းကြီးကို ဆိုလိုပါတယ်။ ကျွန်တောို့ မဟာမြိုင် ရောက်စ တပို့တွဲလပြည့်က ရေးလိုက်တာ တပေါင်းလပြည့်မှာ နိဂုံးကမ္မက် အဆုံးသတ်ရေးသား ပြီးစီးအောင်မြင်ခဲ့ပါတယ်။ ဒီလောက် ခက်ခဲနက်နဲတဲ့ ကျမ်းစာအုပ်ကြီး (မဂ္ဂဇင်းဆိုက် ပုံနှိပ်ပြီး စာမျက်နှာ    ရှိတဲ့) ကို တစ်လနဲ့အပြီး ရေးနိုင်တဲ့ ဆရာတော်ကြီးရဲ့ Óဏ်တော်ဟာ အလွန်အံ့သြပူဇော်ဖွယ် ဖြစ်ပါတော့တယ်။ (နိဒါန်းသတိပဋ္ဌာန် ကျမ်းစာအုပ်ကို ၂ဝဝ၅ ခုနှစ် နတ်တလူသာသနာပြုအသင်းကြီးမှ စီစဉ်ထုတ်ဝေ၍ သုဝဏ္ဏသျှမ်စာပေမှ ဖြန့်ချိခဲ့ပြီးဖြစ်ပါတယ်။

ကျွန်တော်လည်း မဟာမြိုင်ကျောင်းဆောက်လုပ်မှု အခြေအနေများကို ကိုယ်တွေ့မျက်မြင် ပါဝင်မှတ်သားခဲ့ပြီး ရန်ကုန်ပြန်လာခဲ့ပါတော့တယ်။ ရန်ကုန်ပြန်ရောက်တာနဲ့ နီးစပ်ရာ ဓမ္မမိတ်ဆွေများကို အတွေ့အကြုံများ ရှင်းလင်း ပြောပြပြီး မဟာမြိုင်မှာ အရေးတကြီး လိုနေတဲ့ ‘လိုသည်’များကို ဖြည့်ဆည်းဖို့ အလှူခံရပါတော့တယ်။ အလှူခံရမှာ ရှက်တတ်လေ့ရှိတဲ့ ကျွန်တော့်အဖို့ ပထမဆုံး အကြိမ် ရဲရဲကြီး အလှူခံရခြင်းဖြစ်ပါတယ်။ ရရှိငွေများကို ရွှေဘိုမြို့နေ ဒေါက်တာအိုကေထံ ချိတ်ဆက်ပေးပို့ခဲ့ပါတယ်။ ဒေါက်တာအိုကေဟာ ဘောလုံးစကားနဲ့ပြောရရင် အလယ် တန်းလူပမာ ရောက်ရှိလာတဲ့ အလှူငွေများ ပစ္စည်းများကို စီမံခန့်ခွဲပြီး ရှေ့တန်းမဟာမြိုင်ကို မနားတမ်းပေးပို့ဖြန့်ဝေရပါ တယ်။ ရွှေဘိုမှာနေတယ်ဆိုပေမယ့် ဒေါက်တာအိုကေလည်း လုံးဝမနားရရှာပါဘူး။ နတ်တလူ သာသနာပြုအသင်းကြီးမှ ဦးခင်မောင်သန်း၊ ဒေါက်တာလှထွန်းဝင်း၊ ဒေါက်တာသန်းဌေး အောင်၊ မုံရွာမှ ကိုအောင်ထွန်းထွန်းတို့နဲ့ ပတ်လည်ချိတ်ဆက် လှုပ်ရှားရပါတယ်။ နတ်တလူ ဆရာများလည်း ဆိုက်ကယ် ကို တွင်ကျယ်စွာ အသုံးပြုလျက် မဟာမြိုင်တောကြီးကို အိမ်ဦးကြမ်းပြင်လုပ်ပြီး လွန်းပျံခရီး နှင်နေခဲ့ကြရပါတယ်။ အားလုံး သဒ္ဓါတရားကောင်းကြသလောက် ကိုယ်ပန်းစိတ်ပန်း တာဝန်ကိုယ်စီ ထမ်းခဲ့ကြတာချည်း။ အားလုံးကို ကျေးဇူး မော်ကွန်းတင်လိုက်ရပါတယ်။

နောက်ပိုင်းမှာ မုံရွာက ကိုအောင်ထွန်းထွန်းလည်း သူ့သူငယ်ချင်း ကိုမြတ်သူကို ကူရအောင် မဟာမြိုင်တောထဲ လိုက်လာခဲ့ပါတယ်။ ရန်ကုန် မင်္ဂလာဒုံက အင်ဂျင်နီယာလေး ကို အောင်နိုင်ထွန်းလည်း သူ့ဆရာ မြတ်သူကို ကူရအောင် မဟာမြိုင်ကို လိုက်သွားပါတယ်။

ဇာတ်ပေါင်းသော်..

တစ်ဆောင်းလုံး တစ်နွေလုံး ကုန်းကြုံးပြီး အခက်အခဲ တွေကို ထီမထင်ဘဲ ကိုမြတ်သူနဲ့ နတ်တလူဆရာသမားများရဲ့ ဦးဆောင်ကြိုးပမ်းမှုကြောင် ဒီနေ့ ကျေးဇူးရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး သီတင်းသုံးရာ ‘အကျွတ်အလွတ် ကျောင်းတော်ကြီး’ တင့်တယ်ဝင့်ထယ်စွာ မဟာမြိုင်တောကြီး မှာ အောင်မြင်စွာ ပေါ်ထွန်းခဲ့ရပါတယ်။ ဒီနေ့ ဆရာတော်ဖူး ပရိသတ်တို့နားခိုရာ မဟာမြိုင်ကျောင်းတော်ကြီး  ပြီးစီးအောင် မြင်ခဲ့တာလည်း ကိုမြတ်သူနဲ့ နတ်တလူဆရာများရဲ့ ကျေးဇူး ပါပဲ။

ကျေးဇူးရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး အပေါ် ကြည်ညိုစိတ်တစ်ခုတည်းနဲ့ ကြီးမားတဲ့ အခက်အခဲ တွေကို ကြီးမားတဲ့ ဇွဲလုံ့လနဲ့ကျော်ဖြတ်ပြီး ကျောင်းဆောက် သာသနာပြုခဲ့သူများအားလုံး အားလုံးကို ကျေးဇူးမော်ကွန်း ရေးထိုးပြီး ဂုဏ်ပြုလိုက်ရပါတယ်။

ဆက်ပါဦးမည်

မောင်သွေးချွန်

Tagged | Leave a comment

ဆုတ်ဇာတ်


လောကကြီးရှိ လူသားနှင့်သတ္တ၀ါအများတို့ ပျက်စီးရာပျက်စီးကြောင်း တီထွင်ထုတ်လုပ်နေသည့် မိစ္ဆာ ဖန်ဆင်းရှင်သမားကြီးတို့သည် (က) စိတ်က အကြံအစည်ပြုလုပ်ပေးမည်။ (ခ) ဒုတိယ ကိုယ်နှုတ် တို့က မြေလှန်စနစ်ဖြင့် သယံဇာတများ ရှာဖွေစုဆောင်းပေးကြမည်။ သို့မဟုတ် တောရှင်းမြေဆွဖြင့် ဥတုထိန်း များကို ဖယ်ရှားပစ်ကြမည်။ (ဂ) ထို့ကြောင့် မြေကြောများပျက် မြေဆီများလည်း မတက်၊ မိုးလေများက လည်း ကွက်ကျားဖြစ်လာကြတော့ကာ ဥတုအခြေမမှန် ဖြစ်လာ နေချေပြီ။ (ဃ) ဥတုမမှန်ခြင်းကြောင့် သီးနှံများ အထွက်ယုတ်လျော့ ခြင်း၊ သြဇာသတ္တိများ မပါလာတော့ခြင်းများဖြင့် ညံ့ဖျင်းလျက်ရှိနေပြီ။
ထိုညံ့ဖျင်း သြဇာကင်းသော အစာအာဟာရများကိုသာ စားသုံးခွင့်ရကြသော လူသားတို့၏ကိုယ်မှာ အကြောများလည်း မာကြောလာပါမည်။ အကျိတ်အဖုများလည်း ကြီးထွားလာကြပါတော့မည်။ ထို အကြောစု အကျိတ်အဖုစုတို့ မာကြောကြီးထွားလာပြီဖြစ်သော လူသားများအဖို့ စိတ်ကို ထိန်းသိမ်းနိုင်စွမ်း မရှိကြတော့ပါ။ ကြိုက် စိတ်ဖြစ်လည်း ဖြစ်ချင်ရာဖြစ် ဇွတ်နှစ်ကြပါမည်။ မုန်းစိတ်ဖြစ်လည်း ဖြစ်ချင်ရာဖြစ် ဇွတ်နှစ်ကြပါမည်။ ကံ အစီအရင်များသည် တိုး၍သာ ကြမ်း တိုး၍သာ ရမ်းလာတော့မည်ဖြစ်ရာ.. ဥတုလည်း သည့်ထက်သည် ဖောက်ပြန်လာဖို့ရှိပါသည်။ အာဟာရလည်း သည့်ထက်သည် ညံ့ဖျင်းဖို့သာရှိပါသည်။ အများတို့မှီရာ ဤကမ်္ဘာကြီး ဥတုပျက် အာဟာရပျက်ဖြင့် ပျက်စီးနေပါပြီ။ သည့်ထက်သည် ဆုတ်ယုတ်ပျက် စီးလာတော့မည်ဖြစ်ရာ “ဆုတ်ဇာတ်”ကို မည်သူ ဖန်ဆင်းနေသနည်း။
(၁) နေaာက်ကွယ်နေ အသံပေးစိတ်ကလေးချည်းကြောင့်ပဲလော၊ (၂) ကံလေ စိတ်လေတို့၏ လှုပ်အနှိုး သွေးဆိုးအတိုး ကြမ်းခြင်းကြောင့်လော၊ (၃) ကိုယ်လှုပ်နှုတ်ဖွင့် အကျင့်ပျက်စီးခြင်းကြောင့်လော၊ (၄) ဥတု အာဟာရတို့၏ အားပေးမှုနေရာမကျမှုချည်းကြောင့်လော။ ထိုမေးခွန်းလေးခု ယနေ့ လူသားတို့လက် ၀ကွက်၍ အပ်နှံလိုက်ပါ သည်။

မဟာဗောဓိမြိုင်ဆရာတော်
ဉေယျဓမ္မသုတ္တန်- မှ ..မောင်သွေးချွန် ပေးပို့ပူဇော်သည်။

Leave a comment

ဒိဋ္ဌိကြိုးဖြတ်မှ လွတ်လပ်ရေးရမယ်


အ၀ိဇ္ဇာလက်အောက်မှာ သူစီမံသလိုလုပ်တဲ့ကုသိုလ်လည်း အိုဘေး၊ နာဘေး၊ သေဘေးမှာ လမ်းဆုံးတယ်။ မသာဖြစ်အောင်လုပ် တဲ့ ကုသိုလ်ဖြင့် ဘယ်ကောင်းမှာလဲ။ ဘုန်းကြီးက ဒါနပယ်တာမဟုတ်ဘူး။ ၀ဋ်ကုသိုလ်မလုပ်ပါနဲ့။ နိဗ္ဗာန်ရောက်ချင်လို့ ခန္ဓာကြီးရွံ့မုန်းလို့ လှူပါတယ်၊ တန်းပါတယ်ဆို ခန္ဓာကို ပေါင် လုပ်ပါ၊ နို့မို့ရင် ဒီမသာ မချရသေးဘူး၊ နောက်မသာ ဆုတောင်းတာက စောနေတယ်။
ဒီအသိဉာဏ်ရှိတဲ့ဘ၀မှာ “ဉာဏ်ဓား”ကို “သမာဓိကျောက်ဖျာ” ပေါ်တင်ပြီး ၀ီရိယတည်းဟူသောလက်နဲ့ မြဲမြဲကိုင်သွေးလိုက်ရင် ထက်လာပါလိမ့်မယ်၊ ဒီဉာဏ်ဓားနဲ့ ဒိဋ္ဌိကြိုးဖြတ်လိုက်ရင် လွတ်လပ်ရေးရပြီ။ လောကုတ္တရာမဂ်ဓားကိုရမယ်ဆိုရင် တစ်သံသရာလုံးချည်ထားတာကို တစ်နေ့တည်းနဲ့ တစ်စက္ကန့်တည်းနဲ့ ပြတ်တယ်။ ဒီတစ်ခါ ဖြတ်လိုက်လို့ရှိရင် နောက် ဘယ်တော့မှ မဆက်မိတော့ဘူး။
ဒီဒုက္ခသစ္စာတွေကို မလှူခင် အရင်ကြည့်လိုက်ပြီး ဒီဒုက္ခမှ လွတ်ရပါလို၏လို့ဆိုပြီး လှူပါ။ ကိုယ်တိုင်မြင် တဲ့ဒုက္ခကြီးမှ ကျွတ်လွတ် ခြင်းကို အလိုရှိ၍ လှူဒါန်းပါ၏ဆိုတော့ ဒုက္ခကြောက်လို့လှူတဲ့ အလှူ မဂ္ဂသစ္စာနဲ့လှူတာဖြစ်လို့ နိရောဓသစ္စာ။ မသိလို့လှူတာက သမုဒယသ်္စာ၊ ရတာက ဒုက္ခသစ္စာ၊ ဒါနက သံသရာမရှည်ဘူး။ သိ မသိသာ လိုရင်းဖြစ်တယ်။

ကျေးဇူးရှင် မိုးကုတ်ဆရာတော်ဘုရားကြီး
၂၀၀၇ မတ်လထုတ် မိုးကုတ်တရား ပတ္တမြားအမြုတေ – မှ
မောင်သွေးချွန် ပေးပို့ပူဇော်သည်။

Posted in မောင်သွေးချွန် စုစည်းပူဇော်သည် | Leave a comment

သွားလျက်နှင့်မရွေ့ နေရာမှာပင် ဝေ့နေလို့


ခရီးသွားရာ၌ ဘယ်ညာဖ၀ါး အပြင်လှမ်းချင်သည်၊ လှမ်းသည်ဟူသော စိတ်နှင့်ကိုယ် အတွဲမိမှသာ သွားလိုရာခရီး ပြီးစီးနိုင်၏။ ဉာဏ်လမ်းခရီး သွားကြရာ၌လည်း သတိနှင့်အသိဟူသော စရဏ ၀ိဇ္ဇာ ဖ၀ါးနှစ်ဖြာအပြင် သဒ္ဓါ ဆန္ဒ ၀ီရိယ စသည် အဓိပတိဗိုလ် တွန်းအားများကပါ ပံ့ပိုးပေးနေမှသာ ကျင့်သလောက်သိ၊ သိသလောက် ကျင့်တို့ဖြင့် သမထ၀ိပဿနာလမ်းမှသည် နိဗ္ဗာန်နန်းသို့ တန်းမတ်စွာ ရောက်နိုင်မည်။ သို့မဟုတ်ပါပဲ
အကျင့်နှင့်အသိတို့ကို ဆက်သွယ်ပေးတာဝန်ယူကြသော သဒ္ဓါ ဆန္ဒ ၀ီရိယ စသည် အဓိပတိဗိုလ်ကင်း အာရုံမှန် အကျင့်မှန် ပျက်ယွင်း နေပါသော်ကား ဖ၀ါးနှစ်စုံ ဘယ်ညာ-ဘယ်ညာ ခုန်နေသူသည် နေရာမှာပင် လမ်းဆုံး ရပိုင်ခွင့်များ ဆုံးရှုံးရသည်ပမာ အပိတ်တွေ့လည်း မထွင်း၊ အရှုပ်တွေ့လည်း မရှင်၊ အတားတွေ့လည်း မဖြိုခွင်းနိုင်တော့ သည့်အပြင်..
အပိတ်ရှေ့ ဝေ့လျက်ကပင် အချိန်ကုန်ရမည်၊ အရှုပ်ပိ ငြိလျက် ကပင် လဲကျစေနိုင်သည်၊ အတားအောက် မှောက်လျက်ကပင် အနိုင်ကျင့်ခံရတော့သည်၊ မည်သည့်အလုပ်မဆို သဒ္ဓါကင်းက ဆား မပါဟင်း စားရသည့်ပမာသာ၊ ဆန္ဒကင်းက ခံတွင်းပျက် လက်ဖက်ဝါး ပမာသာ၊ ၀ီရိယကင်းက ထမင်းပန်းကန်ကြည့် လက်မနှိုက်မိသည့်ပမာ ဘာဆိုဘာမျှ အရာမ၀င်ပြီ။

မဟာဗောဓိမြိုင်ဆရာတော်
၂၀၀၂ ဧပြီလထုတ် ဓမ်္မနီတိကထာ-မှ မောင်သွေးချွန် ပေးပို့ပူဇော်သည်။

Posted in မောင်သွေးချွန် စုစည်းပူဇော်သည် | Leave a comment

အရိုးကြား အသားမကျ အအ ဘ၀ ရောက်တတ်လှ


ရိုးသားခြင်းသည် လူ့စည်း ဘီလူးစည်း တခြား တသီးတားဆီးပေးထားရာ စည်းပမာ..၊ သူ့သိက္ခာ ကိုယ့်သိက္ခာ နှစ်ဖြာရိုး မချိုးမိရန် တားထား ချထားခြင်းပင်။ သို့တစေလည်း ကိုယ်ကျင့်သိက္ခာ စည်းခြား ထားရာ ထိုကျင့်ဝတ်ထုံးအတွင်း သတိ အသိဉာဏ်ပညာတို့ ၀င်ဆံ့ခြင်းပါရှိမှသာ အရိုးမကျိုး အဆိုးမသက် သူနှင့်ကိုယ် ယုံကြည်မှု တိုးတက်မည်။ အကယ်တိတိ..
သတိ အသိ ဦးမစီး မောဟဖောက်လျက် သူတကာအပြော၊ သူတကာအပြော၊ သူတကာအလုပ်၊ သူတကာလက်ကုတ်ရာနောက် ကောက်ကောက်ပါ လိုက်နေမိလျှင်ကား ရိုးပြအစား ရိုးအတရားက အစားထိုးဝင်ရောက်လာတတ်သည်။

မဟာဗောဓိမြိုင်ဆရာတော်
၂၀၀၂ ဧပြီလထုတ် ဓမ်္မနီတိကထာ-မှ မောင်သွေးချွန် ပေးပို့ပူဇော်သည်။

Posted in မောင်သွေးချွန် စုစည်းပူဇော်သည် | 1 Comment

အာဏာပြင်း မငြင်းဝံ့


လောကနတ်အမည်ရသော လူဘုရင် လူမင်း အစားစားတို့သည်လည်း တဏှာသို့ အခွန်တော်ဆက်နေ ရဆဲဖြစ်ခြင်းကြောင့် အများ၌ အာဏာပြင်းသော်မှ မယားအလှနှင့်တွေ့သောအခါ အာဏာကင်းနေ တတ်ကြသည်။ တစ်ဖန် ဥပပတ် နတ်အမည်ရ နတ်မင်းများလည်း တဏှာသို့ အခွန်ဆက်နေရဆဲဖြစ်ခြင်း ကြောင့် အာဏာပြင်းရာပြင်း၊ ကင်းရာကင်းချည်းသာ။ ၀ိသုဒ်္ဓိနတ်အမည်ရသော ဘုရားရှင်သည်ကား တဏှာသတ်ပြီး ဖြစ်ခြင်းကြောင့် အာဏာပြင်း ဘာမဆို ရဲရဲဝံ့ဝံ့ ပြုကျင့်ဝံ့တော့သည် သာ။ သည့်ပမာ သတ်္တ၀ါတိုင်းတို့၌ မင်းမူနေကြသော အိုမင်းကြီး၊ နာမင်းကြီး၊ သေမင်းကြီးသုံးပါးတို့တွင်လည်း အိုမင်းနာမင်းနှစ်ပါးသည် ဆေးဝါးဒဏ်မလွန်ဆန်တတ်ခြင်း၊ သေမင်းကြီး၏ လက်ပါးစေဖြစ်နေခြင်းများ ကြောင့် အာဏာပြင်း တင်းရာတင်း၊ ကင်းရာကင်းဖြစ်နေတတ်ကြပြီး သေမင်းကြီးမှာမူကား အသက်, ကံနှစ်ပါးစုံ ဖြတ်ထိုးထိုး သေခြင်းလေးမျိုး တစ်မျိုးမျိုးဖြင့် တန်ခိုးပြ မည်သူမှ အန်မတုဝံ့ကြသော ကြောင့်…၊ ပုခက်တွင်းလည်း အာဏာပြ နင်လာဆို လာပေးကြရသည် ချည်းပင်၊ လူသန်များကိုလည်း အာဏာပြ နင်သေဆို သေပေးကြရသည် ချည်းပင်၊ တရားရှင်များကိုသော်မှ အာဏာပြ နင်တန်တော့ဆို တန်ပေး ကြရသည်ချည်းပင်။ ယုတ်စွအဆုံး ဘုရားရှင်ကိုပင် အာဏာပြ ငါဘုရင်ကွလို့ အော်ပြောလိုက်သေး သည်ပင်။

မဟာဗောဓိမြိုင်ဆရာတော်  သာရဏီယကထာ-မှ ၃၆၅ ၀ါဆိုလဆန်း ၇ ရက် စံရိပ်ငြိမ် မောင်သွေးချွန် ပေးပို့ပူဇော်သည်။

Posted in မောင်သွေးချွန် စုစည်းပူဇော်သည် | Leave a comment

လူ့အခွင့်အရေး အလကားကြေး ပေးစားမသွားနှင့်


အထက်နေ နတ်ဗြဟ္မာများသည် လူတို့ကဲ့သို့ အခြေစုခွင့်မရ၊ အလကားနေဘ၀ဖြင့် အချိန်ဆုံးရှုံးကြရ သည်။ အောက်နေ အပယ်ခံသားများတွင်လည်း ငရဲသားတို့သည် လူတို့ကဲ့သို့ အခြေပြုခွင့်မရ၊ အလကားသေဘ၀ဖြင့်ပင် အချိန်ဆုံးရှုံးကြရသည်။ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်တို့သည်လည်း လူတို့ကဲ့သို့ အခြေပြုခွင့်မရ အလကားလေ ဘ၀ဖြင့်ပင် အချိန်ဆုံးရှုံးကြရသည်။
လူမှာမူကား တစ်ရက်နေ တစ်ရက်အခြေစုခွင့်ပြုခွင့်ရ ဘူတရုပ်များ ရှိနေကြ၏။ တစ်ခုလုပ် တစ်ခုသရုပ် သိခွင့်ကြည့်ခွင့်ရ ဉာဏ်များလည်း ထင်ရှားရှိနေကြ၏။ သို့စဉ်လျက် သူ့မိသူ့ဖတို့ကမွေးသော သားသမီး ဘကြီးနွား အလကားကျောင်းနည်းဖြင့်..
လင်ကြီးမယား အရာထား အလကားကြေး ကစားနေကြရင်းက အချိန်ကုန်နေလျှင် ချွေးမ, သမက်သို့ လက်ဆက်ပေးရမည့် သူ့လင် သူ့မယား ဘထွေးနွား အငှားကျောင်းထားဖြင့် ငါ့သမီး ငါ့သားအရာထား အလကားကြေး ပေးစားရင်းက အချိန်ကုန်နေကြလျှင်..
အလကားနေ၊ အလကားသေ၊ အလကားလေသည့်အပြင် ထိုလူသား အလကား ကလေကချေဖြင့် ဘ၀ဆုံးပါး လုံးပါး,ပါးတော့ မည်။     ။

မဟာဗောဓိမြိုင်ဆရာတော်
သာရဏီယကထာ-မှ၊ ၁၃၆၅ နတ်တော်လဆန်း ၄ ရက် – မဟာမြိုင်
မောင်သွေးချွန် ပေးပို့ပူဇော်သည်။

Posted in မောင်သွေးချွန် စုစည်းပူဇော်သည် | Leave a comment

မပျင်းနဲ့


ဒီပါမာမဆုံးခင် နောက်ဆုံးတွေ့ကြတုန်းက ၂ ရက်လုံးလုံး တရား ထိုင်ဖို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်။ သူပြောတာက ၂ ရက် တရားပတ်စခန်း သွားဝင်ဖို့မဟုတ်ဘူး။ ၂ ရက်လုံးလုံး တစ်ဆက်တည်း တစ်ချိန်တရားထိုင်ပါတဲ့။ ကျွန်တော် ရယ်နေပါတယ်။ ဘယ်လိုမှ မဖြစ်နိုင်တာပဲ။ ဒါပေမဲ့ ဘယ်လိုမှ အလျှော့မပေးဘဲ ကရုဏာတရားနဲ့ ဒီပါမာက ရိုးရိုးလေး ကျွန်တော့်ကို ပြောလိုက်တာကတော့ `မပျင်းနဲ့´ တဲ့။

(ဂျိုးဇက်ဂိုးလ်စတိန်း)

(`ဒီပါမာ´ ၀ိပဿနာတရားပြဆရာမကြီးတစ်ဦး၏ ရုပ်ပုံလွှာ၊ ၀င်းမင်းထွေး ဘာသာပြန်သည့်စာအုပ်မှ)

Posted in စာအုပ်များ | Leave a comment

သခင်မျိုးစစ်စစ်


လောကဿ ဥတ္တရော လောကုတ္တရောဟူ၍ ဆိုထားလေရာ လောကထဲမှ ခွဲထွက်သွားခြင်းသည် လောကုတ်ဟူ၍ပင်၊ လူသားတိုင်း တစ်နေ့ လူ့လောကထဲမှထွက် သေဘက်သက်ကျရဦးမည်သာ။ ထိုသို့ လူ့လောကထဲမှ ခွဲထွက်ကြရာ၌ အချို့ကား လူ့ရွာလူ့ဘာသာဖြင့် လူ့ကာမဂုဏ်ကစားကွက်အကြား မိမိခန္ဓာ အရှုံးထားလျက် က လုံးပါးပါးကာ ထွက်ခွာသွားရ ရှာသည်။ အချို့ကား ကာမနွံ အကျွံမခံ ဓမ်္မလွန်တန်ပြန်ဖြင့် ကာမပေါ် ဓမ္မဖက် အနိုင်ဖြင့်ပိုင်းထွက် ထွက်ခွင့်ရသွားကြသည်။ ထိုတွင် ကာမ လောင်းကစားအကြား ကိုယ့်ကိုယ်ကိုယ် ရွေးမသွားနိုင်သူက များ၏။
ကံကြွေးဟောင်း တောင်းစား ကိုယ့်ကိုယ်ကိုယ် ရောင်းမစားသူက နည်းနည်းပါးပါး၊ ထိုကံကြွေးဟောင်း တောင်းစားရုံမျှ ရယူခံစားနေသူသည် သဘာဝကာမမဖက် ဓမ္မဆို ဓမ္မသက်သက် မျှဖြင့်လည်းကောင်း၊ စရဏမှာ ၀ိဇ္ဇာဖက် မုတ်္တိ ၀ိမုတ်္တိ လက်ကိုင်လျက်ကလည်းကောင်း၊ အရှုံးအထိလည်းမဆိုင်၊ အနိုင်မျှဖြင့်လည်း မပိုင်းလေဘဲ အနိုင်အပိုင်ကိုင် မည်သည့်ကာလ မည်သည့် ဘ၀မှာမှ အရှုံးမပေါ်စေနိုင်သော နိုင်နည်းဖြင့် ပိုင်းချထွက်ခွာခွင့် ရသွားသောကြောင့်.. ထိုသူသည် သာ လောကုတ်္တရာသမားစစ်စစ်တည်း၊ ထိုသူသည်သာ သခင်မျိုး စစ်စစ်တည်း။

မဟာဗောဓိမြိုင်ဆရာတော်
၂၀၀၂ ဧပြီထုတ် ဓမ်္မနီတိကထာမှ
မောင်သွေးချွန် ပေးပို့ပူဇော်သည်။

Posted in မောင်သွေးချွန် စုစည်းပူဇော်သည် | Leave a comment

မီးကြောက် . . . မီးတောက် မြှောက်မရမ်းလေနှင့်


ကမ္ဘာနှင့်ချီ်၍ ဖြစ်လေ့ရှိသော ကပ်မီးသည် နီးသထက် နီးလာနေ ချေပြီ။ သံသရာနှင့်ချီ၍ ဖျက်လေ့ရှိ သော အဖျက်မီးသည်လည်း ညီးညီးပင်လောင်နေချေပြီ။ ဘ၀နှင့်ချီ၍ ကူးစက်နေသော အစွဲမီးသည် လည်း ညီးညီးပင် တောက်လောင်နေချေပြီ။ ကပ်မီးကား လောဘ ဒေါသ မောဟ လိုက်စားလွန်းအားကြီး နေခြင်းတည်း၊ အဖျက်မီးကား တဏှာ မာန ဒိဋ္ဌိတို့အကြား မိမိစိတ် ပေါက်လွှတ်ပဲစား ပစ်ထားခြင်းတည်း။ အစွဲမီးကား ဝေဒနာ တဏှာ ဥပါဒါန် တို့အကြား အာရုံလိုက်စားနေခြင်း တည်း။ ထိုမီးများ တကယ်ကြောက် အားပိုပါသည်ဆိုသော်..
မီးကိုဖြစ်စေတတ်သော အာရုံလောင်စာကိုလည်းကောင်း၊ လူကို လောင်စေတတ်သော ကြိုက်၊ မကြိုက်အညစ်တရားများကိုလည်းကောင်း မလိုက်စားမိစေရာ ယောက်ျား၏ သားသမီး ဇနီးအတွက် ၀မ်းစာရှာပေးရသော ဒုက္ခ၊ မိန်းမ၌ ကိုယ်ဝန်ဆောင်ရခြင်း၊ မွေးပေးရခြင်းဒုက်္ခ၊ ထိုအားလုံး ကြိုက်အာရုံ ခင်မင်စွာ လိုက်စားမိကြရာမှ ချည်းပင်။ သည့်အတူလျှင်
အပါယဒုက္ခ၊ ကာမဒုက္ခ၊ ဘ၀ဒုက္ခတို့ကို ပေးဝေတတ်သော ကာမ တဏှာ၊ ဘ၀တဏှာ၊ ၀ိဘ၀တဏှာ များ အားထားနေခြင်းများသည်လည်း ကြိုက်အာရုံခုံမင်စွာလိုက် စားခဲ့ကြရာမှ ချည်းပင်။ အဆိပ်ပါသော အစာကို လျှာအလိုလိုက် ကိုက်မိ နှိုက်မိခြင်းကသာ အဆိပ်စာရှောင်ရှားတတ်ရာသည်။

မဟာဗောဓိမြိုင်ဆရာတော်
၂၀၀၂ အောက်တိုဘာလထုတ် သာရဏီယကထာမှ
မောင်သွေးချွန် ပေးပို့ပူဇော်သည်။

Posted in မောင်သွေးချွန် စုစည်းပူဇော်သည် | Leave a comment

လူမသုံး ဘုန်းမပွင့်


မသာလည်း တ, သာလည်း တ လသော်မှ လူခြေတိတ်ဆိတ် လူနှင့်သတ္တ၀ါတို့အိပ်မောကျချိန် သာထိန်နေချေက လတန်ခိုး တန်ဖိုးပြည့်မရ၊ ဘုန်းကျက်သရေ ဂုဏ်သိန်ကင်းပ အလင်းချသဖြင့် အလဟဿအဖြစ်ဖြင့်သာ အချိန်ကုန်ရရှာသည်။ လူတို့တွင်လည်း အများတို့က အားကိုးတကြီးလိုနေ ချိန်တွင် မိမိ၏ပညာစွမ်းဖြင့် လူတို့၏ နေရာတန်း ၀င်ရောက်မထမ်းပါပဲလျက်က မလိုအပ်ချိန်မှ ၀င်ရောက် လက်ကမ်းပါသော်ကား..လူအများတို့ အားကိုးခြင်း၊ တမ်းတခြင်း၊ ၀ိုင်းဝန်းကာ အမွှန်းတင်ခြင်း၊ ၀င်ရောက် ခိုလှုံခြင်း မခံရတော့သော ကြောင့်..
မည်မျှပင် ဟိတ်ဟန်ထုတ်နေ စေ၊ ထိုဟိတ်ကား ဟိတ်ပုပ်မျှသာ၊ မည်မျှပင် အစွမ်းပြနေစေ၊ ထိုအစွမ်းလည်း အကန်းလမ်းလျှောက်မျှသာ၊ ဘုရင်၏တင့်တယ်ခြင်းသည် အဆောင်အယောင်ကမဟုတ်၊ အခြွေအရံသက်ရှိတို့၏ အသက်သွင်းပေးခြင်းကြောင့်ဆိုသည်ကို မမေ့သင့်။ သို့အတူ..လူယဉ်ကျေး တို့အလယ်၌ ပညာရှိတစ်ဦး၏ ၀င့်ထယ်ခြင်း၊ လူဆိုးဓားပြတို့ အလယ်၌ လူမိုက်တစ်ဦး၏၀င့်ထည် ခြင်း..စသည်များ၌လည်း ထိုထို အသိုင်းအ၀ိုင်းများက အသက်သွင်း ပေးထားသဖြင့်သာ အသက်ဝင်ခြင်း၊ တင့်တယ်ခြင်း၊ ထည်ဝါခြင်းများ ထွန်းကားနေသည်ကို မမေ့သင့်ချေ။ လူမသုံး ဘုန်းမပွင့်၊ လပြည့်လုံး မြူဖုံးလွှမ်းသော် ရောင်မ၀ံ့ မတင့် မတယ်ရာ။

မဟာဗောဓိမြိုင်ဆရာတော်
၂၀၀၂-အောက်တိုဘာလထုတ် နီတိဖြင့်စကားပြောဆိုခြင်း-မှ
မောင်သွေးချွန် ပေးပို့ပူဇော်သည်။

Posted in မောင်သွေးချွန် စုစည်းပူဇော်သည် | Leave a comment