လူတွေဟာ အပူထဲမှာနေပြီး အပူကိုပဲ ရှာနေကြ၊ မျှော်နေကြတယ်။ စိတ်ဟာ အာရုံတစ်ခုခုကို မျှော်နေတတ်တယ်။ အဲဒီမှာ သူ့ အာရုံကိုယ့်လာဟပ်၊ ကိုယ့်အာရုံကလည်း သူ့သွားဟပ်နဲ့ အဟပ်အစပ် တည့်သွားပြီဆိုတာနဲ့ အပူစတော့တာပဲ။ ချစ်ကျွမ်းဝင်တယ်လို့ စကားလှအောင်သုံးထားပေမယ့် ကျွမ်းပြီ ဆိုမှတော့ ပြာကျဖို့ပဲရှိတော့တယ်။ အလောင်ကြမ်းတော့ ဘ၀ကျွမ်းရပြီ။
တစ်ဦးနှင့်တစ်ဦး လိုလားခြင်း၊ မိတ်ဖွဲ့ခြင်း အပေးအယူလုပ်ခြင်း၊ သဘောတူကြည်ဖြူခြင်းဆိုတဲ့ ကံမီးတွေ လောင်ရာကကျွမ်း ကုန်ရာကခန်းရပါလေရော။ တကယ်လို့များ ကံမီးအစား ဈာန်မီးကိုသာ အကျွမ်းဝင်ခဲ့မယ်ဆိုရင် သွေးသားမခန်း လူမကျွမ်းဘဲ ကံမီးကိုသာ ကျွမ်းစေပါလိမ့်မယ်။ ဈာန်ဆိုတာ ကိလေသာအပူတွေကို ရှို့မြှိုက်ပစ်ပြီး တစ်ကိုယ်တည်း ငြိမ်းအေးနေတာ။ လောင်ကျွမ်းခဲ့ရတဲ့ဘ၀တွေ များလှပြီမို့ တစ်ဘ၀လောက်တော့ အေးအေးချမ်းချမ်း နေကြည့်စမ်းစေချင်တယ်။ ။
မဟာဗောဓိမြိုင်ဆရာတော်
၂၀၀၆ ခုနှစ် ဧပြီလထုတ် လက်မိလက်ရ သြ၀ါဒများမှ