ပါပမိတ်နှင့် ကလျာဏမိတ်သည် ရွှေနှင်မစင် ပမာရှိချေရာ.. အကြင်သူသည် ကလျာဏမိတ်ကောင်း သူတော်ကောင်းနှင့်ပေါင်း မိနေလျှင် ထိုသူ့ထံ သူယုတ်မာဝင် မလာ၊ တစ်ဖန် အပြန်အားဖြင့်.. အကြင် သူသည် ပါပစိတ်ဆိုး သူယုတ်မာမျိုးတို့နှင့် ထမ်းပိုးတင် ဦးထမ်းပဲ့ထမ်းအသွင် ယှဉ်တွဲနေပါမူ ထိုသူ့ထံသို့ လည်း သူတော်ကောင်းများ အဝေးကပင် ရှောင်သွားလေရာ၏။
မီးသည် ရေအလွှမ်း အရမ်းကြောက်၏။ ရေသည်လည်း မီးအတောက် သေမလောက်ကြောက်၏။ သည့်ပမာလျှင် သူယုတ်မာ၏ နှလုံးသွေးအလျဉ်သည် သူတော် ကောင်းဓာတ် အဆွဲအငင်မြင်ရုံနှင့် ပင် တန့်နေသောကြောင့်…
တစ်ဖန် သူတော်ကောင်းများ၏ နှလုံးသားများသည်လည်း သူယုတ်မာ၏ ညစ်ညမ်းသော ဓာတ်အဟပ် ဖျပ်ဖျပ်လူး ရိုက်ခတ်နေတတ်သောကြောင့်..
သူတော်ကောင်းရှိရာအရပ် သူယုတ်မာမကပ်၊ သူယုတ်မာနေသောနေရာ သူတော်ကောင်း မလာချေ။ ယနေ့ နေရာများစွာတို့၌ လူအများ အုပ်လိုက်ကျင်းလိုက် အုံဖွဲ့ကာ သွားလာနေထိုင်ကြသော် လည်း ရေချိုငါး ရေငန်အုပ်စုကြား တစ်ကောင်တလေမှ သွားမကျက်စား၊ ရေငန်ငါးလည်း ရေချိုအုပ်စုတွင် တစ်ကောင်တလေမျှမဆင်း၊ ပျော်ပွဲစားနေရာ သူတော်ကောင်း မလာ၊ ဘုရားနား ကျောင်းနား သူယုတ်မာ မကျက်စား။ ။
မဟာဗောဓိမြိုင်ဆရာတော်
၂၀၀၂ အောက်တိုဘာထုတ် နီတိဖြင့် စကားပြောဆိုခြင်းမှ
မောင်သွေးချွန် ပေးပို့ပူဇော်သည်